မြန်မာပြည်လုပ်ကား ဖြစ်ရင် သိန်း ၁၀၀ တန်သည့် ရန်ကုန်လိုင်စင်ပေးမည်

ကားထုတ်လုပ်ရေးတွင် Made In Myanmar ဖြစ်လျှင် သိန်း ၁၀၀ တန်သည့် ရန်ကုန်လိုင်စင်ပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ ဒီဇင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ မဟာဗန္ဓုလတံတားအောက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ ယာဉ်ရပ်နားဝင်းဖွင့်ပွဲအခမ်း အနား၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ထုတ်တဲ့ကားဟာ Branded ပဲဖြစ်ရမယ်။ အဲဒီ Branded က Made In Myanmar ဖြစ်ရမယ်။ Made In Myanmar ဖြစ်ရင် ရန်ကုန်လိုင်စင်ပေးမယ်။ အဲဒီအတွက် အဲဒီကားဟာ သိန်း ၁၀၀ ကြိုရနေတာ ဖြစ်ပါတယ်။ ရန်ကုန်လိုင်စင်ဟာ သိန်း ၁၀၀ တန်ပါတယ်။ အခု ကျွန်တော်တို့ ကားစလစ်တစ်ခု ထုတ်မယ်။ အားလုံးသိပါတယ်။ ကားအဟောင်းအပ်ရင် ကားအသစ်စလစ်တစ်ခု ရမယ်။ ရန်ကုန်လိုင်စင်ရမယ်။ အဲဒီကား စလစ်ဟာ သိန်း ၁၀၀ တန်ပါတယ်။ ရန်ကုန်မှာကားထုတ်လုပ်မယ်ဆိုရင် ရန်ကုန်လိုင်စင်ရမယ်ဆိုရင် ကားအသစ် ဝယ်စီးတဲ့သူတွေ အားလုံး ရန်ကုန်လိုင်စင်ရမယ်” ဟု ဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ကားထုတ်လုပ်ရေးလုပ်ငန်းကို အောင်မြင်အောင်ချထားပြီး ရန်ကုန်တွင် ကားထုတ်လုပ်ရေးလုပ်ငန်းများ ၁၅ ခု အထက်ရှိကြောင်း၊ ယခင်က ကားထုတ်လုပ်ရေးသည် သစ်ပင်အောက်တွင်အမိုးစွဲပြီး အစိတ်အပိုင်းများကို နိုင်ငံတကာက ဝယ်ကာ ထင်ရာမြင်ရာ လုပ်ထားသည့်ကားမျိုးကို ကားထုတ်လုပ်ရေး အဖြစ်လုံးဝမသတ်မှတ်၊ ခွင့်ပြုထောက်ခံခြင်းမရှိကြောင်း ဝန်ကြီးချုပ်က ဆက်လက် ပြောကြားသည်။

ကားကို တိုယိုတာ ထုတ်လုပ်တဲ့ဂျပန်နိုင်ငံက သွင်းမလား။ မြန်မာနိုင်ငံမှာထုတ်မလား။ မြန်မာနိုင်ငံမှာထုတ်ရင် ရန်ကုန်လိုင်စင်ရမယ့်ကားက နိုင်ငံခြားကသွင်းလာမယ့် သိန်း ၃၀၀ နဲ့သွင်းလာမယ်။ ရန်ကုန်လိုင်စင် ကပ်မယ်ဆို သိန်း ၄၀၀ ကပ်ရမယ်။ မြန်မာ ပြည်မှာထုတ်လုပ်မယ် သိန်း ၂၀၀ ကျော်နဲ့ သိန်း ၃၀၀ နဲ့ရောင်းမယ်။ သိန်း ၃၀၀ နဲ့ သိန်း ၄၀၀ အပြိုင်ဈေးကွက်မှာ ဘယ်လိုရောင်းမလဲ။ ဒါကြောင့်မိုလို့ ကားထုတ်လုပ်ရေးဈေးကွက် အရှိအဟုန်နဲ့ကောင်းလာတာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။

ထို့နောက် ကားထုတ်လုပ်ရေးဈေးကွက်အတွက် လိုအပ်သည့် လုပ်သားကျွမ်းကျင်များကို ကျောင်းများမှထုတ်ပေးမည် ဖြစ်ကြောင်း၊ ကလေးများလည်း ကျောင်းပြီးသည် နှင့်အလုပ်တန်းရမည်ဖြစ်ပြီး ယင်းပုံစံကို သွားရန်ပြင်ဆင်ထားကြောင်း၊ ကားကုမ္ပဏီများတွင်လည်း ကုမ္ပဏီအစစ်အမှန်မဖြစ်သေးသည့် ကုမ္ပဏီများရှိပြီး ပြဿနာရှိလာနိုင်ကြောင်း၊ လက်ရှိပြေးဆွဲနေသည့် ယာဉ်လိုင်းသည် ဝန်ဆောင်မှု မကောင်းဘူးဆိုလျှင် ပြည်သူ့အတွက် နောက်ကုမ္ပဏီတစ်ခုကို အပြိုင်ပြေးဆွဲရမည်ဖြစ်ကြောင်း၊ ထိုသို့အ ပြိုင်ပြေးဆွဲလျှင် အားသာသည့်ယာဉ်လိုင်းကို ဆက်လက်ရပ်တည်ခွင့်ပေးပြီး အားမသာသည့်ယာဉ်လိုင်းကို အခြား စနစ်တစ်ခုထဲကို ရွှေ့ပြောင်းရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

Facebook Comments